▲군부 쿠데타에 맞선 미얀마의 여성들.
MPA
စစ်ကြောရေးတွင် လိင်ပိုင်းဆိုင်ကာ စော်ကားမှုများအပြင် မုဒိန်းမှုကျူးလွန်ခြင်းများ မဖြစ်နိုင်ဟု မဆိုနိုင်ကြောင်း၊ အထူးသဖြင့် လုံခြုံရေး ရဲတပ်ဖွဲ့၏ အရေးပါခြင်းထက် အကြမ်းဖက် စစ်တပ်ကသာ စစ်ကြောရေးကိုကိုင်တွယ်ကြောင်း အမည်မဖော်လိုသူ မြို့နယ်ရဲတပ်ဖွဲ့မှူးတစ်ဦးက MPA သို့ပြောသည်။
မိမိတို့ ရဲတပ်ဖွဲ့ ယူနီဖောင်းဖြင့်ပင် အယောင်ဆောင်ကာ စစ်သားများက ဆန့်ကျင်မှုများကို ကိုင်တွယ်ဖြေရှင်းနေကြောင်း သူက ဆက်ပြောသည်။
"ကျွန်တော်တို့က အဲ့လိုမျိုး စစ်တပ်က လုပ်နေတာတွေ တစ်ခုမှဝင်ပြောခွင့်မရှိဘူး။ ကိုယ့်ရဲဝတ်စုံတောင် သူတို့က ကောက်စွတ်ပြီး ရဲကလုပ်သယောင် လုပ်နေတာ ဒီအတိုင်း ထိုင်ကြည့်နေရတာ။ ကောင်မလေးတွေကို ဖမ်းပြီး စစ်တာလဲ သူတို့ပဲ။ စစ်လို့ပြီးတော့မှ အမှုဖွင့်ဆို ရဲကလုပ်ရတာ။ စစ်တဲ့အချိန်မှာ အဲ့လို စစ်သားတွေက မူးနေတာပဲ။ အခန့်မသင့်ရင် ကျွန်တော်တို့လို အရာရှိတောင် ရေနွေးဓာတ်ဘူးနဲ့ ကောက်ပေါက်ချင်ပေါက်တာ" ဟု သူက ဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက်ပိုင်း ဆန္ဒပြသူများကို ပိုက်စိပ်တိုက် ဖမ်းဆီးသည့်အချိန်မှ ယနေ့အချိန် လက်နက်ဖြင့် တော်လှန်ခြင်း၊ မြေအောက်လှုပ်ရှားမှုများတွင် ပါဝင်သူများကို ဖမ်းဆီးခြင်းများတွင် အမျိုးသမီးငယ်များလည်း အများအပြား ဖမ်းဆီးခံထားရသည်။
စစ်ကြောရေးတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို မိန်းကလေးချင်းပင် ဖွင့်ဟရန် ဝန်လေးသည့် အခြေအနေများ တွေ့ကြုံကြရကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။
အထူးသဖြင့် အသက်ငယ်ငယ် မိန်းမပျိုလေးများ အများစု ယခုလို ဖမ်းဆီးခံရသော်လည်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသော ငရဲခန်းက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုများကို ထုတ်ဖော်ပြောဆိုရန် ဝန်လေးနေကြသည်ကို အများအပြား တွေ့ရသည်ဟု အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူလည်းဖြစ်သူ၊ အဖမ်းခံရသူများကို ဥပဒေအရ လိုက်ပါကူညီပေးသူ တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောသည်။
"ကျွန်မတို့ အဖမ်းခံရပြီး စစ်ကြောရေး ဖြတ်သန်းခဲ့ရတဲ့ လွတ်လာသူ မိန်းကလေးတွေကို မေးမြန်းတဲ့ဟာမှာ ကိုယ်တိုင် လိင်ပိုင်းဆိုင်ရာ လက်ရော၊ နှုတ်ရော ကျူးလွန်တာကို မပြောချင်ကြဘူး။ စစ်သားတွေလုပ်ခဲ့တာကို ကိုယ့်ဥပဒေနဲ့အညီ ခံခဲ့ရတာ ပြန်တိုင်ဖို့ကလည်း အာဏာက သူတို့လက်ထဲပဲဆိုတော့ ကာယကံရှင်တွေကိုယ်တိုင်က နှုတ်ပိတ်နေတာ အကောင်းဆုံးပဲလို့ ယူဆလိုက်ကြတယ်။ ဒါပေမဲ့ ကျွန်မတို့ အချက်အလက်တွေ ရအောင်တော့စုထားတယ်။ ဒါကို ကုလသမဂ္ဂအထိကို ပေးပို့မှာ" ဟု ၎င်းက ဆိုသည်။
저작권자(c) 오마이뉴스(시민기자), 무단 전재 및 재배포 금지
오탈자 신고